
ထရမ့်လွှတ်လိုက်တဲ့ ပြည်စောင့်တပ် LA မြို့ကြီးထဲ ဝင်လာပြီ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း နာမည်ကြီး LA လို့ အသိများတဲ့ လော့စ်အိန်ဂျလိစ် မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို စီးနင်းဖမ်းဆီးမှုတွေကို တုံ့ပြန်ကြရာက မငြိမ်မသက်တွေ၊ ထိပ်တိုက်ရင်ဆိုင်တာတွေ ဖြစ်လာခဲ့ပါတယ်။
အခုဆိုရင် အဲဒီ မငြိမ်သက်မှုတွေကို ကိုင်တွယ်ဖို့ ဆိုပြီး နေရှင်နယ်ဂါ့ဒ်လို့ ခေါ်တဲ့ ပြည်စောင့်တပ် တပ်ဖွဲ့ဝင် အယောက် ၂,၀၀၀ ကို LA မှာ နေရာချဖို့ သမ္မတ ထရမ့်က အမိန့် ထုတ်ထားပါတယ်။
(နေရှင်နယ်ဂါ့ဒ် ဆိုတာ ပြည်နယ် အခြေစိုက် စစ်တပ်ဖွဲ့ ပုံစံတစ်မျိူး ဖြစ်ပါတယ်။ ဒါပေမဲ့ ဗဟို အစိုးရရဲ့ အမိန့် ထွက်လာပြီး အဲဒီ အမိန့်အတိုင်းအကောင်အထည် ဖော်တဲ့ အခါမှာတော့ အမေရိကန် စစ်တပ်ရဲ့ အရန်အင်အား တစ်ရပ် အဖြစ် ပြုမူ ဆောင်ရွက်ခွင့် ရှိပါတယ်)
LA မှာ လူတွေ အုံကြွနေတာ အခုဆိုရင် နှစ်ရက် ရှိပြီ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင် နြူဆမ် Gavin Newsom ရော၊ LA မြို့တော်ဝန် မစ္စ ကယ်ရင် ဘာ့စ် Karen Bass ရော ဒီမိုကရက်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တာဝန် ဝတ္တရား အတိုင်း မဆောင်ရွက်နိုင်ကြတဲ့သူတွေ ဆိုပြီး ထရမ့်က ပြစ်တင် ဝေဖန်ထားပါတယ်။
Leave a Reply