KIA attacks Lone Khin village police station in Hpakant

ဖားကန့်၊ လုံးခင်းရွာရဲစခန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာရဲစခန်းကို မနေ့တုန်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့ ဝင်ရောက်ပစ်ခတ်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖားကန့်ထဲက လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေပါ။

“အဓိကတော့ တပ်မ ၃၃ ရှိတဲ့နေရာမှာပဲနေပြီး ပတ်ဝန်းကျင်ကို လှည့်လည်စစ်ကြောင်းထိုးနေတာပါ” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ ဟာ ဖားကန့်မှာလည်း တပ်စွဲထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အားရာချီပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ကာမိုင်းကနေတဆင့် ဖားကန့် ဗျူဟာကို ဝင်ဖို့ ကြိုးစားလို့ KIA နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

မနေ့ ဇွန် ၁၀ ရက်မှာလည်း ဖားကန့်မှော်ထဲက ဘတ်ဟိုးနဲ့ မြေသယ်ယာဉ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက် နဲ့ ၅ ရက်မှာလည်း ဖားကန့်မြို့နယ်၊ ကု‌‌ဋေမှော်နဲ့ မဇွပ်ယန်မှာရှိတဲ့ သယံဇာတတူးဖော်ရေး လုပ်ကွက်တွေမှာလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ဘတ်ဟိုးနဲ့ မြေသယ်ယာဉ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ သေးတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။

ကချင်ပြည်နယ်အတွင်းမှာတော့ ဖားကန့်အပြင် ဗန်းမော်ဘက်မှာလည်း စစ်ကောင်စီနဲ့ KIA ကြား စစ်ရေးတင်းမာနေဆဲပါ။

ဒါပေမဲ့ KIA ဘက်က ထိုးစစ်ရပ်ထားပါတယ်။ လက်ရှိမှာ တရုတ်ဘက်က နယ်စပ်တည်ငြိမ်ရေးအတွက် အပစ်ရပ်ဖို့ ဖိအားပေးတာတွေရှိနေပေမဲ့ လတ်တလောမှာ ရပ်နားဖို့မရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*