Fierce fighting near Kyaukphyu Police Battalion No. 32

ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဇွန် ၁၁ ရက် မနက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ် တချို့က ဘီဘီစီကို ပြောပါတယ်။

အေအေဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ တောင်ခြေမှာတည်ရှိတဲ့ ပြိုင်းစေ့ကေရွာကို စိုးမိုးနိုင်ကာ တောင်ကုန်းပေါ်မှာတည်ရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနား ဝန်းကျင်အထိ ထိုးစစ်ဆင်နေပြီလို့ သိရပါတယ်။

“ဇွန်လပထမအပတ်မှာ အေအေက ထိုးစစ်ပြန်မြှင့်လာတယ်။ စစ်ကောင်စီဘက်ကလည်း အကျအရှုံးများတယ်” လို့ အေအေစစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ကျောက်ဖြူမှာ စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကနေ ရေကြောင်းနဲ့ရော လေကြောင်းနဲ့ပါ အင်အားဖြည့်တင်းနေပါတယ်။

မနေ့ ဇွန် ၁၀ ရက်ညပိုင်းမှာ စစ်ကောင်စီကအင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မနေ့တုန်းကပဲ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ၁ မိုင်အကျော်မှာတည်ရှိတဲ့ ကံ့ကော်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အေအေက ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး သံချပ်ကာ ကားနှစ်စီးကို မီးရှို့ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ အေအေရော စစ်ကောင်စီကပါ ဒီနေ့ ညနေ ၃ နာရီအထိ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*